စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင် ၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၈၇၁) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၇၀) ဦးရှိပြီး ထိုအထဲမှ (၂၂၁၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၉၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်ဝန်ထမ်းများက ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်ကျင့်မှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ ပြီးခဲ့သည့်သီတင်းတပတ်အတွင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာများ၌ စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး အစားအသောက်နှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေသည်။ အလားတူပင် မကွေးတိုင်း၊ စလင်းမြို့နယ်၌လည်း အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် အရပ်သားပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့ပြင် ဇူလိုင်လ ၁ ရက်နေ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ သုံးဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း နှစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်။ ဇူလိုင်လ ၃ ရက်နေ့တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်အပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ဇူလိုင်လ ၄ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပျဉ်းတောရပ်ကွက်ရှိ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
