စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   စက်တင်ဘာ ၁၅  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၅၇) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၇၆) ဦးရှိပြီး ထိုအထဲမှ (၂၂၄၀၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၈၀)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ပိုင်၏ မတရား ငွေကြေးတောင်းခံခြင်းများ ခံနေရသည့်အပြင် အမျိုးမျိုးသော ဖိနှိပ်မှုများကိုလည်း ကြုံတွေ့နေရလျက်ရှိသည်။ ထို့အပြင် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီးအဆောင်ရှိ အခန်းတခုတည်း၌ အကျဉ်းသားများ စုပြုံထားသည့်အတွက် အရေပြားရောဂါများ ဖြစ်ပွားလျက်ရှိနေသလို၊ သာယာဝတီအကျဉ်းထောင်၌လည်း နေရာထိုင်ခင်း ကျပ်တည်းခြင်းနှင့် သောက်ရေသုံးရေ လုံလောက်စွာ မရရှိခြင်းတို့ကြောင့် အကျဉ်းသားများမှာ အရေပြားဆိုင်ရာ ကူးစက်ရောဂါများဆိုးရွားစွာခံစားနေရပြီး ဆေးကုသမှုလည်း လုံလောက်စွာ မရရှိကြောင်း သိရသည်။

ထို့ပြင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အသက်ဆုံးရှုံးမှုများ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ စက်တင်ဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ၌ရှိသော ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသားကျောင်းသူ (၂၀) ဦးကျော် သေဆုံးခဲ့သလို၊ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာအနီးကို ဗုံးကြဲခဲ့သောကြောင့် ကိုရင်နှင့် သီလရှင်အပါအဝင် သုံးဦး သေဆုံးခဲ့ကာ ဘာသာရေး အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထိုနေ့တွင်ပင် သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သောကြောင့်  ပြည်သူ ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)