စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   စက်တင်ဘာ ၈  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၀၅) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၄၁) ဦးရှိပြီး ထိုအထဲမှ (၂၂၃၇၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၅၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းသားအခွင့်အရေး အပြည့်အဝမရရှိဘဲ ဖိနှိပ်မှုများ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ကျန်းမာရေးနှင့် ညီညွှတ်မျှတသည့် အစာအဟာရပြည့်ဝစွာ မရရှိခြင်း၊ နေရာထိုင်ခင်း ကျပ်တည်းဆင်းရဲခြင်း အစရှိသည့် အကျဉ်းထောင် အခြေအနေများကြောင့် အသက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ အကြမ်းဖက်စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ကိုဇော်လင်းအား ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် မန္တလေး(အိုးဘို)အကျဉ်းထောင်ရှိ မဟာအောင်မြေတရားရုံးက ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ အက်ဥပဒေပုဒ်မ-၅ နှင့် အကြမ်းဖက်မှုတိုက်ဖျက်‌ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် (၃၈) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ကိုဇော်လင်းသည် ကျောက်ကပ်ရောဂါ၊ အသည်းရောဂါနှင့် အဆုတ်ရောဂါတို့ကို ခံစားနေရသူ တဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့မှ စ၍ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေသူလည်းဖြစ်သည်။ ဆေးဝါးကုသမှူခံယူနေစဉ် ကိုဇော်လင်းမှာ ရောဂါပိုမို ပြင်းထန်လာပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။

ထို့ပြင် စစ်အုပ်စုက အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အရပ်သားပြည်သူများအပေါ် ဦးတည်တိုက်ခိုက်လျက် ရှိသောကြောင့် အရပ်သား သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အတည်ပြုရန်လိုအပ်ဆဲ သေဆုံးအရပ်သား (၁၈) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)