စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဩဂုတ် ၂၅ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၂၅ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၁၂၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၅၈၅) ဦးရှိပြီး ထိုအထဲမှ (၂၂၃၃၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၁၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း စစ်အုပ်စုက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ လေကြောင်းအင်အားကိုအသုံးပြု၍ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ ခြင်းကြောင့် အရပ်သားပြည်သူ (၅၃) ဝန်းကျင်ခန့် သေဆုံးခဲ့သည်။ ဩဂုတ်လ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာရှိ မိုးကောင်းဘုန်းကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် နှစ်ပါးတို့အပါအဝင် စုစုပေါင်း ခြောက်ဦး၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကျောက်ပြင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သားအဖနှစ်ဦး သေဆုံးခဲ့သည်။
ထို့ပြင် သြဂုတ်လ ၂၂ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကိုလည်းကောင်း လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကလေးအပါအဝင် ပြည်သူ ငါးဦး၊ ဩဂုတ်လ ၂၃ ရက်နေ့က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးတဦး သေဆုံးခဲ့သည့်အပြင် ဘုန်းကြီးကျောင်းတခုလုံး ထိခိုက်ပျက်စီးခဲ့သည်။ အလားတူ ဩဂုတ်လ ၂၄ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချမ်းမြေ့ကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် သံဃာနှစ်ပါး ပျံလွန်တော်မူခဲ့ပြီး ငါးပါးဝန်းကျင် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
