စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဩဂုတ် ၁၈  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၇၄) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၅၅၅) ဦးရှိပြီး ထိုအထဲမှ (၂၂၃၁၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၉၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း၌ ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို ထောင်အာဏာပိုင်များက အဆမတန် အလုပ်များခိုင်းစေလျက်ရှိရာ ကျန်းမာရေးမကောင်း၍ မလုပ်နိုင်ကြောင်း တင်ပြပြောဆိုသည့် အကျဉ်းသားများကို ထောင်မှူးနှင့် ဝန်ထမ်းများက ရိုက်နှက်ခဲ့သည်။ ထိုကဲ့သို့ ရိုက်နှက်မှုကြောင့် အကျဉ်းသား အယောက် ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသခွင့် မပေးသည့်အပြင် မိသားစုနှင့် လူတွေ့ခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

အလားတူပင် စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းအင်အားကို အသုံးပြု၍ အရပ်သားပြည်သူလူထု အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၁၄ နှင့် ၁၇ ရက်နေ့ တို့တွင်  မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူနှစ်ဒါဇင်ကျော် ထိခိုက်သေဆုံးခဲ့သလို၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂေါ်တူကျေးရွာအား ဩဂုတ်လ ၁၆ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အရပ်သား နှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် သြဂုတ်လ ၁၇  ရက်နေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် အရပ်သားနှစ်ဆယ့်နှစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)