စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဩဂုတ် ၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၄၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၅၁၅) ဦးရှိပြီး ထိုအထဲမှ (၂၂၂၇၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၆၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၅၈) ဦးနှင့် အမျိုးသား (၈၂) ဦး စုစုပေါင်း (၁၄၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၄) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် (၆၅) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။
ဩဂုတ်လ ၂ ရက်နေ့၊ နံနက် ၁၁ နာရီကျော်ခန့်အချိန်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ သန်းပင်လှကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် မောင်ဖိုးသင်္ကြန်ကို ဗုံးစထိမှန်၍ နေရာတွင် သေဆုံးခဲ့သည်။
အဆိုပါကာလအတွင်း မန္တလေးတိုင်းအတွင်း၌ အကြမ်းဖက်စစ်အုပ်စုက နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၁၂) ဦး စုစုပေါင်း (၁၈) ဦး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
