စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၄  ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဩဂုတ် ၄  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၃၀) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၉၂) ဦးရှိပြီး ထိုအထဲမှ (၂၂၂၅၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၄၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၁၀ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဇူလိုင်လ ၃၀ ရက်နေ့က ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ကို စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့သောကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးခဲ့သည့်အပြင် ၎င်းပြည်နယ်ရှိ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် သံဃာတပါး ပျံလွန်တော်မူခဲ့သည်။ ထိုနေ့တွင်ပင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဒွတ္ထိန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းတဆောင်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် စစ်အုပ်စုက မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသောကြောင့် ဇူလိုင်လ ၂၉ ရက်နေ့က ပြည်သူခြောက်ဦး သေဆုံးခဲ့သည့်အပြင် သြဂုတ်လ ၂ ရက်နေ့တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ တဒါဇင်ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)