စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဩဂုတ် ၁ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၂၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၄၈၄) ဦးရှိပြီး ထိုအထဲမှ (၂၂၂၅၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၃၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက မတရားအာဏာလုမှု ၄ နှစ်ခွဲပြည့်ချိန်တွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဟု ထပ်မံအမည်ပြောင်းလဲပြီး နိုင်ငံတော်အာဏာကို ချုပ်ကိုင်ရန်ကြိုးပမ်းလျက်ရှိနေသည်။ ထို့အပြင် ဇူလိုင် ၃၁ ရက်နေ့ ညပိုင်းက တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ မြို့နယ်အား အရေးပေါ် အခြေအနေထုတ်ပြန်၍ စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ အဆိုပါ ၄ နှစ်ခွဲကာလအတွင်း စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံရသူ ၃ သောင်းဝန်းကျင် ရှိခဲ့ပြီး၊ ၇ထောင်ကျော်မှာလည်း သတ်ဖြတ်ခံထားရပြီး ဖြစ်သည်။ ထို့အပြင် ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သူ စုစုပေါင်း (၂၁၅၂) ဦးရှိခဲ့သည်။ ထိုအရေအတွက်ထဲတွင် တရားဝင်ထိန်းသိမ်းရေး စခန်းများဖြစ်သည့် အကျဉ်းထောင်၊ ရဲစခန်းနှင့် စစ်ကြောရေးစခန်းများတွင် သေဆုံးခဲ့သူ (၃၇၀) ဦး ပါဝင်သည်။ အဆိုပါကိန်းဂဏန်းများမှာ လက်လှမ်းမှီသလောက်ကောက်ယူထားပြီး အတည်ပြုနိုင်သည့် အရေအတွက်သာဖြစ်ရာ မြေပြင်တွင် ပိုမိုများပြားမည်ဖြစ်သည်။
ဖမ်းဆီးခံထားရသူများမှာလည်း အကျဉ်းထောင်များအတွင်း၌ လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရခြင်း၊ အဟာရပြည့်ဝသောအစားအသောက်များ မဖူလုံခြင်း၊ မကြာခဏ အကျဉ်းထောင်ပြောင်းရွှေ့ခြင်း၊ နေရာထိုင်ခင်းကျပ်တည်းခြင်း အစရှိသည့် ထောင်တွင်းပြဿနာများစွာကို ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပြီး ဖိစီးနှိပ်စက်မှုများကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
