စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   စက်တင်ဘာ ၂၉  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၃၀၃) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၇၄၃) ဦးရှိပြီး ထိုအထဲမှ (၂၂၄၅၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၁၂၄)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက ပြည်သူတရားဝင်ရွေးကောက်တင်မြှောက်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲစာရင်းအမှားများရှိသည်ဟု စွပ်စွဲကာ နိုင်ငံအာဏာကို မတရားသဖြင့် ရယူခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟုအကြောင်းပြ၍ အတုအယောင်ရွေးကောက်ပွဲတခု ပြုလုပ်ရန်ပြင်ဆင်နေချိန် အဆိုပါရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒဖော်ထုတ်သူတိုင်းကို မတရားသဖြင့်ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ထောင်ဒဏ်များ ချမှတ်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ယနေ့အထိ ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီး ခံထားရသူ (၁၂) ဦး ရှိပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးများပင် ပါဝင်သည်။

နိုင်ငံတကာကို တရားမျှတသည့်ရွေးကောက်ပွဲအဖြစ် ပုံဖော်နိုင်ရန်ကြိုးစားနေစဉ်မှာပင် အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုများမှာလည်း ရပ်တန့်မသွားဘဲ ပိုမိုဆိုးရွားလျက်ရှိသည်ကို ယခင်သတင်းပတ်များအတွင်း စောင့်ကြည့်မှုများအရ တွေ့ရသည်။ စစ်အုပ်စု၏ အားကိုးရာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အရပ်သားပြည်သူ (၄၃) ဦး ဝန်းကျင်ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ၎င်းပြင် စက်တင်ဘာလ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့​နယ်၊ ဖလူးကျေးရွာကိုလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ တပ်ဦးဘုန်းကြီးကျောင်းကိုလည်းကောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပန်သပြေကျေးရွာကိုလည်းကောင်း လေကြောင်းနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း (၃) ကျောင်း၊ စာသင်ကျောင်း (၁) ကျောင်းနှင့် နေအိမ်နှစ်ဆယ်ဝန်းကျင်ခန့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)