



ဇန်နဝါရီ (၁) ရက်၊ ၂၀၂၆
နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ တိုးမြှင့်ပါဝင်လာမှုနှင့်အတူ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများကြောင့် မတရား သဖြင့် ဖမ်းဆီးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခံရခြင်း အစရှိသော လွတ်လပ်မှုနှင့် အသက်အန္တရာယ်ဆုံးရှုံးမှု အခြေအနေမျိုးစုံကို တွေ့ကြုံနေကြရသည်။ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှု စတင်ချိန်မှ (၅) နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအနှံ့ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆိုးရွားပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး အကာအကွယ်ရရှိမှု နည်းပါးသည့် ကလေးသူငယ်များ၊ အခြားနည်းဖြင့်သန်စွမ်းသူများနှင့် အမျိုးသမီးများမှာ အထူးအားဖြင့် ထိခိုက်နစ်နာခံစားနေကြရသည်။
အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (CEDAW) ကို မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ထိုးထားသော်လည်း စစ်အုပ်စုအနေဖြင့် ကျား၊မအခြေပြု ညှဉ်းပန်းနှိပ်စက်မှုကို လက်နက်သဖွယ်အသုံးပြုလုပ်ဆောင် ချက်များကို နွေဦးတော်လှန်ရေးကာလမတိုင်ခင် ယခင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် မျှော်လင့်ချက်များကို ထိခိုက်နစ်နာစေရန်၊ လူမှုတန်ဖိုးများကို ဖျက်ဆီးရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေမှုကို ပိုမိုလုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိစွာအသုံးချနေခြင်းဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီးများအပေါ် လူမဆန်စွာ အကြမ်းဖက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားပြုမူခြင်း၊ သတ်ဖြတ်ခြင်းနှင့် အခြားသောချိုးဖောက်မှုမျိုးစုံကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေလျက်ရှိရာ ထိုသို့ဆိုးရွားရက်စက်သည့် ရာဇဝတ် မှုများကို ချိုးဖောက်နေသည့် စစ်အုပ်စုကို ထိရောက်သည့် အရေးယူမှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများ အမြန်ဆုံးဆောင်ရွက်ရန်၊ တရားဝင်မှုမပေးရန်၊ နစ်နာခံစားရသူများ၏ အခြေခံလိုအပ်ချက်များ အချိန်မီဖြည့်ဆည်းရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစွာရရှိရန် အရေးတကြီးလိုအပ်လျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
