စစ်ရေးပစ်မှတ်ဖြစ်နေရသည့် အရပ်သားများ

အောက်တိုဘာ (၁) ရက်၊ ၂၀၂၅

အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲဆိုင်ရာ လိုက်နာရမည့် ကျင့်ဝတ်များကို မစောင့်ထိန်းဘဲ အရပ်သားများအပေါ် ပစ်မှတ်ထားကာ ဦးတည်တိုက်ခိုက်နေမှုကြောင့် နေ့စဉ်သေဆုံးမှုမှာ မြင့်တက်လျက်ရှိသည်။ လက်နက်ကိုင်တော်လှန်မှုများ ပြုလုပ်လျက်ရှိသော ဒေသများ၌ စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်သားများ နေထိုင်ရာကျေးရွာ၊ ရပ်ကွက်များနှင့် စစ်ဘေးရှောင်များ အများဆုံးစုဝေးနေထိုင်သည့် ဘုန်း ကြီးကျောင်းများ၊ ကလေးငယ်များ အများဆုံးရှိသည့် စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများပါမကျန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိရာ အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် အရပ်သားပိုင်ဆိုင်မှုအဆောက်အဦပျက်စီးခြင်းများ အဆမတန်ဖြစ်ပွားလျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း စစ်အုပ်စုက ဖြတ်တောက်ထားရာ အရပ်သားများ၏ ဘေးဒုက္ခမှာ ပိုမိုဆိုးရွားနေသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ စစ်ပွဲတွင်မပါဝင်နိုင်သူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ပြဋ္ဌာန်းထားသော်လည်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်ဘက်၊ စစ်ဘက် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ခြင်း၊ အရပ်သားများနှင့် အရပ်သားပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်းစသည့်အကြမ်းဖက်မှုမျိုးစုံကို ပြောင်ပြောင်တင်းတင်း ကျူးလွန်မှုများကြောင့် အကျိုးဆက်များအနေဖြင့် အရပ်သားများမှာကျန်းမာရေး စောင့် ရှောက်မှုအတွက် လုံလောက်သောဆေးဝါးကုသမှုများ မပြုလုပ်နိုင်ခြင်း၊ အစာအဟာရဖူလုံမှုမရှိခြင်းတို့ အပါအဝင် အသက်အန္တရာယ်ဘေးကင်းလုံခြုံမှုမရှိစွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာ သိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း (၃၀၂၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး၊ အတည်ပြုရန်လိုအပ်လျက်ရှိသည့် သေဆုံးသူ အနည်းဆုံး (၂၆၉၀) ဦး ဝန်းကျင်ခန့်ကိုလည်း သီးခြားကောက်ယူစုဆောင်းထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)