မြန်မာနိုင်ငံအတွင်း ဥပဒေရေးရာအခြေအနေ
မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်ပျက်ဆီးနေပြီး တရားမျှတမှု ကင်းမဲ့ကာ စိတ်ထင်တိုင်း အပြစ်ပေးအရေးယူနေသော တရားစီရင်ရေးစနစ်ဖြစ်နေသည်။ စစ်အာဏာရှင်သည် ၎င်းတို့အား ဆန့်ကျင်ကန့်ကွက်နေသူများအပေါ် ဖိနှိပ်ချုပ်ချယ်ရန်နှင့် တရားမဲ့ ဖမ်းဆီးအရေးယူရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ကိုင်ဒုတ်အနေဖြင့် အသုံးပြုနေသည်။ စစ်အာဏာရှင်သည် စိတ်ကြိုက် လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော ဥပဒေများ ပြဋ္ဌာန်းခြင်း၊ လက်ဝေခံ တရားသူကြီးများခန့်အပ်ခြင်း အပြင် ၎င်းတို့၏ လက်ပါးစေ ရဲတပ်ဖွဲ့များကို အသုံးပြု၍ အာဏာတည်မြဲရေးအတွက် လက်လွတ်စပယ် ဆောင်ရွက်နေသော တရားဥပဒေစိုးမိုးမှု ကင်းမဲ့သည့် အခြေအနေဖြစ်သည်။ ၎င်းတို့အသုံးပြုနေသော ဥပဒေများသည် ဗြိတိသျှ ကိုလိုနီ ကာလတွင် လက်အောက်ခံပြည်သူများအတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့သော ဥပဒေများကိုအခြေခံပြီး ဆက်လက်ကျင့်သုံးခြင်းဖြစ်သည်။ ၁၈၆၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေနှင့် အကျဉ်းထောင် ဥပဒေများ အပါအဝင် အခြားဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများသည် နိုင်ငံရေးအရ ၎င်းတို့အား ဆန့်ကျင်သူများကို ဖိနှိပ်ရန် အလေးထားရေးဆွဲထားသော ဥပဒေပြဋ္ဌာန်းချက်များဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်လည်း ခေတ်အဆက်ဆက် အစိုးရများမှ ထိုဥပဒေများကို ဆက်လက်ကိုင်စွဲကျင့်သုံးရုံသာမက ဥပဒေများကို အသုံးပြု၍ အာဏာကိုထိန်းချုပ်နိုင်ရန် ၁၉၅၀ အရေးပေါ်စီမံချက်ဥပဒေမျိုးကိုတောင် ထပ်မံပြဋ္ဌာန်းခဲ့သည်။ စစ်အစိုးရအဆက်ဆက်သည်လည်း ၎င်းတို့အပေါ် ဝေဖန်ဆန့်ကျင်သူများကို လွယ်လင့်တကူ ပြင်းထန်စွာ အရေးယူနိုင်ရန် ထိုဖိနှိပ်သည့် ဥပဒေများကို ထပ်မံ၍ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းချက်အသစ်များဖြည့်စွက်ခြင်းတို့ကို အစဉ်တစိုက် လုပ်ဆောင် ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသားများ၏ လွတ်လပ်စွာ လှုပ်ရှားသွားလာ ပြောဆိုခွင့်၊ တွေးတောကြံဆခွင့်နှင့် လွတ်လပ်စွာနိုင်ငံရေးသက်ဝင်ယုံကြည်ခွင့်တို့ကို ဖိနှိပ်ချုပ်ချယ်ရန် လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော ဥပဒေများစွာကို အသုံးပြု၍ မတရားစွဲဆိုချက်များဖြင့် ပြည်သူလူထုအပေါ် အပြစ်ပေးအရေးယူမှုများပြုလုပ်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းရာတွင်လည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို လိုက်နာမှုမရှိဘဲ ကျော်လွန်ချိုးဖေါက်နေသလို လူသားတဦးချင်းစီ၏ လွတ်လပ်မှု အခွင့်အရေးကို တရားမဲ့ထိန်းချုပ်အပြစ်ပေးနေသည်မှာ သိသာထင်ရှားစွာတွေ့မြင်ရသည်။ စစ်အာဏာရှင် အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသွားလာခွင့်၊ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ နိုင်ငံရေး တွင်သက်ဝင်ယုံကြည်ခွင့်တို့အပေါ် ခိုင်မာစွာ စွဲကိုင်ထားသူများအား ဥပဒေများကို စိတ်ကြိုက်ပြင်ဆင်အသုံးပြု ၍ ရာဇဝတ်သားများအဖြစ် ပုံဖော်အရေးယူခဲ့သည်။ စစ်ကောင်စီမှ ဥပဒေအမှတ် ၅/၂၀၂၁ ဖြင့် ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ပုဒ်မ ၅၀၅-က တွင် နိုင်ငံတော်ဆူပူစေရန်လှုံ့ဆော်မှု၊ သတင်းမှားများဖြန့်ချီမှုနှင့် အစိုးရဝန်ထမ်းများကို စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်စေအောင် ပြုလုပ်သူမည်သူမဆို ထောင်ဒဏ် (၃) နှစ် အထိ ကျခံရမည်ဟုဖေါ်ပြခဲ့သည်။ တရားရုံးများသည် စစ်အာဏာရှင်မှ ဖမ်းဆီးထားသော နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ သတင်းမီဒီယာသမားများအပါအဝင် နိုင်ငံသားများအပေါ် ထိုအဓိပ္ပါယ် ဝေဝါးကျယ်ပြန့်သော စကားလုံးများကို လိုသလိုဖွင့်ဆိုပြီး တရားစွဲဆိုအပြစ်ပေးနေသည်။
စစ်အာဏာသိမ်းနောက်ပိုင်းကာလများတွင် စစ်အာဏာရှင်သည် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅-က ထက် ပိုမိုပြင်းထန်စွာအပြစ်ပေးနိုင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို အသုံးပြုကာ နိုင်ငံရေး အကျဉ်းသားများကို ထောင်ဒဏ်နှစ်ရှည် အပြစ်ပေးနေသည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စိုးထွဋ်က အမိန့်အမှတ် ၂၃၉/၂၀၂၃ ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခြင်းခံရသူ မည်သူ့အပေါ်ကိုမဆို စစ်တပ်မှအာဏာပိုမို သက်ရောက်နိုင်အောင် လုပ်ဆောင်ခဲ့သည်။ အထက်ဖေါ်ပြပါ ဥပဒေများအပြင် နိုင်ငံရေးအကျဉ်းသားများကို အများဆုံး အရေးယူအပြစ်ပေးသည့် ဥပဒေများမှာ – “ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများဥပဒေ”၊ “မတရားအသင်းအက်ဥပဒေ”၊ “ဆက်သွယ်ရေး ဥပဒေ”၊ “အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ”အပါအဝင် ယခုလတ်တလောတွင် ပြဋ္ဌာန်းခဲ့သည့် “ဆိုက်ဘာလုံခြုံရေးဥပဒေ”တို့ဖြစ်သည်။ ၂၀၂၅ ခုနှစ် အတွင်းတွင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်၊ လက်မခံသူများကို ပြင်းထန်စွာ ဖမ်းဆီးအရေးယူ နိုင်ရန်အတွက် “ပါတီစုံအထွေထွေ ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေး” ဥပဒေကို ထမ်မံပြဋ္ဌာန်းခဲ့သည်။
သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများဆီသို့ပေါက်ကြားလာသော တရားရုံးများမှ ဆောင်ရွက် နေသည့် လုပ်ထုံးလုပ်နည်းများအရဆိုလျှင် အာဏာရှင်တရားရုံးများသည် လွတ်လပ်မှုနှင့် ခွဲခြားဆက်ဆံမှု မရှိရဆိုသော တရားဥပဒေ၏ အဓိကမူကို သိသိသာသာချိုးဖေါက်နေကြောင်း ခိုင်ခိုင်မာမာတွေ့ရှိရသည်။ နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေများ၏အဆိုအရ တရားရုံးများတွင် တရားသူကြီးများ အပါအဝင် ဥပဒေအရာရှိများသည် လက်ရှိ ကျင့်သုံးနေသော သက်သေခံဥပဒေကို ကိုယ်တိုင် ချိုးဖေါက်နေပြီး စစ်အာဏာရှင်၏ အမိန့်အတိုင်း ဥပဒေအရပြဋ္ဌာန်းထားသော အချက်အလက် အထောက်အထားများကို လျစ်လှူရှုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများပြုလုပ်ကြသည်။ နိုင်ငံရေး အကျဉ်းသားများ၏ ရှေ့နေများမှ သူတို့၏အမှုသည်များအပေါ် မတရားအပြစ်ပေးသည်ကို ထောက်ပြ ပြောဆိုပါက စစ်အာဏာရှင် လက်အောက်ခံ တရားသူကြီးများသည် ပြစ်ဒဏ်များကို ထပ်မံတိုးမြှင့်ခြင်းဖြင့် ပြန်လည်တုံ့ပြန်လေ့ရှိသည်။မမှန်ကန်သောသက်သေခံချက်များ၊ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ပြီး အတင်းအကြပ်ဝန်ခံ လက်မှတ် ထိုးခိုင်းမှုများကို အခြေခံပြီး ပြစ်ဒဏ်များစွာကို မမျှမတချမှတ်လေ့ရှိသည်။ အကျဉ်းထောင်များအတွင်းတွင် အထူးတရားရုံးများဖွင့်လှစ်ပြီး မည်သူကိုမျှ ဝင်ရောက်ကြားနာခွင့်မပြုသလို စစ်အုပ်ချုပ်ရေးဟု အမည်တပ် ထားသောမြို့နယ်များမှ နိုင်ငံရေးအရစွဲဆိုသော အမှုများတွင် စွပ်စွဲခံရသူများ သည် ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်များ ဆုံးရှုံးနေသည်။
လက်ရှိကာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနိုင်ခြင်းမရှိပါက စစ်အာဏာရှင် ဆန့်ကျင်မှုတွင် ပါဝင်ခြင်းမရှိသည့် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးမှုများကို နေရာအနှံ့ တွေ့မြင်နေရသည်။ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွင်ပါဝင်သည့် တရားဥပဒေစနစ်၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့နှင့် အကျဉ်းထောင်များသည် စစ်အာဏာရှင်စနစ်လွှမ်းမိုးအုပ်ချုပ်နိုင်ရန် ပံ့ပိုးပေးနေသော ထောက်တိုင်များ ဖြစ်နေသည်။ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသော ပြဋ္ဌာန်းဥပဒေများနှင့် တရားရုံးများသည် နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်ပေးရမည့်အစား ၎င်းတို့အပေါ် ခြိမ်းခြောက်ခြင်း၊ သိမ်းကြုံး အပြစ်ပေးခြင်းနှင့်အတူ နိုင်ငံသားများ၏ အခြေခံလွတ်လပ်ခွင့်များကို ဖိနှိပ်ချုပ်ချယ်သည့် ယန္တရားများ အဖြစ်ရပ်တည်နေသည်ကို တွေ့မြင်နေရသည်။
