စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဩဂုတ် ၂၈ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၂၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၁၅၇) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၀၂) ဦးရှိပြီး ထိုအထဲမှ (၂၂၃၅၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၂၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် မိန်းကလေး (၂၁) ဦးနှင့် ယောကျာ်းလေး (၂၆) ဦး စုစုပေါင်း (၄၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ သေဆုံးသူများအနက် မန္တလေးတိုင်းတွင် (၁၁) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းတွင် (၇) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ သေဆုံးရသည့်အကြောင်းရင်းအနေဖြင့် (၃၄) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး၊ (၁၂) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ အသက် ၁၈နှစ်အောက် သေဆုံးအရပ်သား (၂၅) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဩဂုတ်လ ၂၄ ရက်နေ့၊ ည ၈ နာရီခွဲခန့်အချိန်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် မသဲတုန်၊ မချိုဇင်ကျော်ကျော်တို့ ကလေးငယ်နှစ်ဦးအပါအဝင် မလွမ်းပို၊ ဦးကြည်မြင့်နှင့် ဦးဝင်းဆောင်တို့ စုစုပေါင်းငါးဦးကို ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
