စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဩဂုတ် ၂၂  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၁၂၀) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၅၈၀) ဦးရှိပြီး ထိုအထဲမှ (၂၂၃၃၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက် အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ယောကျ်ားလေး (၂၀) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။ အဆိုပါ (၁၁၉) ဦးတွင် (၇) ဦးမှာ စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ 

ဩဂုတ်လ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ နာရီစင်အနီး၌ အကြမ်းဖက်စစ်အုပ်စုက သွားလာနေသူများကို တားဆီး၍ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေစဉ် ၎င်းတို့က Salai Sang Khia ကို ရပ်တန့်ခိုင်းချိန်တွင် ဆက်လက်မောင်းနှင်သွားခဲ့သည်ဟုဆိုကာ စစ်အုပ်စုက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် Salai Sang Khia ၏ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ကျည်ထိမှန်၍ စီးနင်းလာသည့် ဆိုင်ကယ်လဲကျသွားခဲ့သည်။ ထို့နောက် ၎င်း၏ဦးခေါင်းကို စစ်အုပ်စုက သေနတ်များဖြင့် ရိုက်နှက်ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီး ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် ထိုနေ့ ည ၉ နာရီအချိန်တွင် သေဆုံးခဲ့သည်။ ၎င်းသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဆူးရ်ငင်းကျေးရွာအုပ်စု၊ သီဆဲင်းကျေးရွာမှ ဒေသခံတဦးဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)