စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဩဂုတ် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ဩဂုတ် ၁၁  ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၀၄၉) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၅၂၅) ဦးရှိပြီး ထိုအထဲမှ (၂၂၂၈၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၀၉၆၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းတပတ်အတွင်း အေအေပီပီမှ စောင့်ကြည့်လေ့လာမှုအရ စစ်အုပ်စုက အရပ်သားပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ နေ့စဉ် ပြည်သူထိခိုက်သေဆုံးမှုများ ရှိနေပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရသည့် ပြည်သူအရေအတွက်မှာ ပိုမိုများပြားလျက်ရှိသည်။ သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် မန္တလေးတိုင်း၌လည်း စစ်အုပ်စုက မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်းများအပြင် သာလွန်အင်အားအသုံးပြုတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ သြဂုတ်လ ၉ ရက်နေ့က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် အိမ်ခြေ ၃၀၀ ကျော်ရှိသော ၎င်းကျေးရွာအား ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် သက်ကြီးအမျိုးသမီး သုံးဦး မီးလောင်သေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် မိုးကုတ်မြို့နယ်၊ ကျောက်နဂါးကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သံဃာတပါးအပါဝင် ၅ ဦး သေဆုံးခဲ့သလို သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာတွင်လည်း နာရေးရက်လည်ပြုလုပ်နေချိန် စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ၄၀ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)