စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၆၅) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၉၀) ဦးရှိပြီး ထိုအထဲမှ (၂၂၄၁၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၉၂)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိနိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၄၁) ဦး စုစုပေါင်း (၄၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၆) ဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူ (၄၈) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မန္တလေးတိုင်းမှာ (၁၃) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရေကြည်ဦးကျေးရွာနှင့် ဘူးကုန်းကျေးရွာအကြားရှိ ဇရပ်တခုအနီး၌ အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးများပူးပေါင်းအဖွဲ့က ငှက်ပျောတိုင်းကျေးရွာမှ ဒေသခံများဖြစ်ကြသော ရွှေမှော်လုပ်သား ခုနစ်ဦးကို လက်ပြန်ကြိုးတုပ်၍ ဘူးကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ထို့နောက် စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေပိုင်းအချိန်တွင် ၎င်းတို့ခုနစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ရန် တာယာကွင်းများစုပုံထားသည့်အပေါ်သို့ ကိုယ်တိုင်တက်ရောက်စေသည်။ ထိုပေါ်သို့ရောက်ရှိချိန်တွင် ၎င်းတို့၏ ဦးခေါင်းများအား တုတ်များဖြင့်ရိုက်နှက်သောကြောင့် သတိလစ်မေ့မြောနေချိန်၌ မီးရှို့သတ်ဖြတ်၍ ထွက်သွားခဲ့သည်။ ထိုခုနစ်ဦးအနက် တဦးမှာ သတိပြန်လည်ရရှိသဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ အဆိုပါသေဆုံးသူခြောက်ဦးတွင် အသက်မပြည့်သေးသူ နှစ်ဦးပါဝင်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
