စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၅၇) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၈၅) ဦးရှိပြီး ထိုအထဲမှ (၂၂၄၀၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၈၇)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၅) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် မိန်းကလေးတဦး ပါဝင်သည်။ အဆိုပါ သေဆုံးသူများအနက် ကယားပြည်နယ်၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် (၃) ဦးစီဖြင့် အများဆုံးသေဆုံးခဲ့သည်။ အဆိုပါကာလအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၈) ဦး၏ စာရင်းကိုလည်း သီးခြား ကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အခြေစိုက်သည့် အမှတ်(၁၀၂) ခြေလျင်တပ်ရင်းနှင့် ဖရူဆိုမြို့နယ်ရှိ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေါဘျာကူးကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် မိသားစုဝင်များ ဖြစ်ကြသည့် မီမာ၊ ငါးရယ်နှင့် စူးမာတို့ သုံးဦးကို ကျည်စထိမှန်၍ သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
