စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၁၆၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၁၃) ဦးရှိပြီး ထိုအထဲမှ (၂၂၃၅၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၂၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းတပတ်အတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကျင်းကျေးရွာ၌ အကြမ်းဖက်စစ်အုပ်စုက သြဂုတ်လ ၂၃ ရက်နေ့ကစ၍ စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားပြည်သူ ရှစ်ဦးထက်မနည်းအား သတ်ဖြတ်ခဲ့သည့်အပြင် ပြည်သူများအား ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး၊ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၌ သြဂုတ်လ ၂၅ ရက်နေ့တွင် စစ်အုပ်စုက ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး စော်ဖျားကျေးရွာနှင့် မိုးရွှေကုန်းကျေးရွာရှိ နေအိမ် ၁၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ သြဂုတ် ၂၈ ရက်နေ့က ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းကြီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့သည့်အပြင်၊ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ဩဂုတ်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ကိုလည်းကောင်း၊ ဩဂုတ်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ငါးကင်းကျေးရွာကိုလည်းကောင်း၊ ဩဂုတ် ၃၁ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာကိုလည်းကောင်း စစ်အုပ်စုက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါဒေသများရှိ သီလရှင်အပါအဝင် ပြည်သူခုနစ်ဦး သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
