အရေးတကြီး စစ်ဆေးအရေးယူရန် လိုအပ်လာသည့် ဥပဒေမဲ့သတ်ဖြတ်မှုများ
ရက်စွဲ။ ။ ဇူလိုင် ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ဇွန်လ (၂၇) ရက်နေ့တွင် ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နှင့် (၈) ရက်နေ့များတွင် ကိုခန့်လင်းနိုင်(ခ) ကိုခန့်(ခ) လက်ဝဲနှင့် ပြည့်ဖြိုးဟိန်း(ခ) ကိုပြည့်တို့၏ မိသားစုများထံသို့ ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိထံမှ ဇွန်လ (၂၇) ရက်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်းနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေနှင့် ဇူလိုင်လ (၁၀) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
ယခုနောက်ပိုင်းတွင် ထိုပျောက်ဆုံး နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံသို့ တစ်ရက်ချင်း သေဆုံးကြောင်း အကြောင်းကြားစာများ ပေးပို့နေသည်ကို မိမိတို့ အေအေပီပီမှ သိရှိရပါသည်။ ဤသည်မှာ နိုင်ငံရေးအကျဉ်းသားများအား တရားမဲ့သတ်ဖြတ်နေသည်သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်နေခြင်းလည်း ဖြစ်ပေသည်။
ဇွန်လ (၂၇) ရက်နေ့တွင် ဒိုက်ဦးထောင်မှ ပျောက်ဆုံးနိုင်ငံရေးအကျဉ်းသားများထဲမှ ကိုခန့်လင်းနိုင် (ဘ) ဦးသန်းစိုးနိုင်နှင့် ကိုပြည့်ဖြိုးဟိန်း (ဘ) ဦးကျော်ဦး နှစ်ဦးအပြင် အောက်ပါ အကျဉ်းသားများ သေဆုံးသွားပြီဖြစ်ကြောင်း အေအေပီပီမှ ယနေ့ ထပ်မံအတည်ပြုပါသည်။
၁) ကိုရာလေး (ခ) ဇင်မြင့်ထွန်း (ဘ) ဦးမြင့်သန်း
၂) ဂျာကြီး (ခ) ဝေယံလွင် (ဘ) ဦးအေးလွင်
၃) ဇင်ဝင်းထွဋ် (ခ) ဗလကြီး (ခ) တရုတ်ကြီး (ဘ) ဦးပြန့်မော်
၄) အောင်မျိုးသူ (ဘ) ဦးမောင်စိန်
၅) ဘိုဘိုဝင်း (ခ) ထန်းတောကြီး
၆) နေအေး (ခ) အာကာထက်ပိုင်မျိုး (ဘ) ဦးမျိုးလင်း
ထို့ပြင် မတရားဖမ်းဆီးခံပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားရသည့်သူများ၊ မြို့ရွာများသို့ စစ်ကြောင်းများထိုးကာ လူသတ်မီးရှို့မှုများ၊ အကျဉ်းထောင်တွင်း သေဆုံးမှုများ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာခဲ့သည်။
ထိုသို့ အာဏာလုစစ်တပ်မှ ပြည်သူလူထုအပေါ် လက်လွတ်စပယ် သတ်ချင်တိုင်းသတ်နေသည်မှာ ပြည်တွင်းသာမက နိုင်ငံတကာတရားရေးမဏ္ဍိုင်ကိုပါ စိန်ခေါ်သည့် လုပ်ရပ်လည်းဖြစ်သည်။
ယခုလပိုင်း အကျဉ်းထောင်တွင်းနဲ့စစ်ကြောရေးများတွင် သေဆုံးမှုနဲ့ပတ်သက်ပြီး အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်မှ “အခုရက်ပိုင်းအတွင်း အကျဉ်းထောင်တွင်း သေဆုံးမှုတွေလည်း ခပ်စိပ်စိပ်ကြားနေရတယ်။ ဒိုက်ဦးထောင်မှာပဲ နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ ကိုအောင်စိုးမိုး (ခ) မဲလုံးဟာ ဒီလ ၁၆ ရက်နေ့မှာ သေဆုံးသွားခဲ့ပြီး ဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီဟာ ၁၇ ရက်နေ့မှာသေဆုံးခဲ့ပါတယ်။ ထို့အတူ မက်ဒယ်ဝိတ်တန်း လက်ဝှေ့သမား တူးတူး (ခ) နဂါးမာန်ဟာ ဧပြီလ ၂၆ ရက်နေ့က ညှဉ်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေးမှာ သေဆုံးခဲ့တာကို ဒီလ ၁၃ ရက်နေ့မှာမှ မကွေး ရဲစခန်းက မိသားစုအားခေါ်ယူပြီး သေဆုံးကြောင်း အသိပေးခဲ့တယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က လွတ်ရက်စေ့ပြီး သထုံအကျဉ်းထောင် ပြန်လွတ်လာတဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်ဟာ အိမ်အပြန်လမ်းမှာ ပြန်အဖမ်းဆီးခံရပြီးတော့ ဒီနေ့အထိ ပျောက်ဆုံးနေဆဲ ဖြစ်တယ်။ ဒါတွေဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ် အလောင်းဖျောက်တဲ့ ရာဇဝတ်မှုများ ကျုးလွန်နေကြောင်း သက်သေပြနေတာပဲဖြစ်တယ်” ဟု ပြောဆိုလိုက်သည်။
ယခု ဖြစ်စဉ်များနှင့် ပတ်သက်၍ မိမိတို့အေအေပီပီမှ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရ များ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်များသို့ မြန်မာအာဏာလုစစ်တပ်၏ ပြည်သူများအပေါ် ယခုကဲ့သို့ တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုများအား အရေးပေါ်စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ် ၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းဆောင်ရွက်ကြပါရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
ဒေါင်းလော့ရယူရန် Follow up statement on Dike U prison case
