ပစ်ပယ်ချိုးနှိမ်ခံများအပါအဝင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာမိတ်ဆက်ပွဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စတင်အခြေပြုသည့် အကျိုးအမြတ်မရှာသော/ မရယူသော အစိုးရမဟုတ်သော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပြန်လည်အခြေစိုက်၍ မြန်မာနိုင်ငံရှိ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ထောက်ပံ့ကူညီခြင်း၊ လွတ်မြောက်လာပြီးနောက် သူတို့၏ဘဝများ ပိုမိုကောင်းမွန်လာစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ထောက်ပံ့ကူညီပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် ဘေးကင်းလုံခြုံစွာ ပါဝင်ခွင့်ရရှိစေရန် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ၏ ဖြတ်သန်းမှုများနှင့် နိုင်ငံတဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ အပြည့်အဝရရှိခံစားစေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်စေသည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်ကိုလည်း ရည်ရွယ်ချက်တူ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

Website: www.aappb.org


နိဒါန်း

ရာစုဝက်နီးပါး မှားယွင်းသော ဖိနှိပ်အုပ်ချုပ်မှုစနစ်ကို ဖြတ်သန်းပြီးနောက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ဖော်ဆောင်လာချိန်တွင် အဖွဲ့အစည်းများ၏ စံသတ်မှတ်ချက်များ၊ သက်ဝင်လှုပ်ရှားနေသော စနစ်များအားလုံးသည် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲရန် ကြိုးစားလာကြပါသည်။ ထိုသို့ စနစ်များကို ပြောင်းလဲရန် ကြိုးစားရာတွင် အဓိက ပွတ်တိုက်မှုဖြစ်နေရသော အကြောင်းအရာမှာ မှားယွင်းသော ဖိနှိပ်အုပ်ချုပ်မှုစနစ်များအောက်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ထိုဥပဒေများကို ကိုင်တွယ်ဆောင်ရွက်နေသော ဗျူရိုကရေစီယန္တရား၏ စွဲမြဲနေသော အမူအကျင့်များပင် ဖြစ်ပါသည်။

အကျဉ်းထောင်များသည် နိုင်ငံတော်၏ လုံခြုံရေးကဏ္ဍတွင် အဓိကကျသည့် Institution ဖြစ်သော်လည်း ပြည်သူလူထုနှင့် ဒီမိုကရေစီအသွင်ပြောင်းလဲရေးကို ဆောင်ရွက်နေသူ အများစု၏ စိတ်ဝင်စားမှု နယ်ပယ်အပြင်ဘက်သို့ ရောက်နေသည်ကို တွေ့မြင်ရပါသည်။ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူများအနေဖြင့် အကျဉ်းထောင်များကို နိုင်ငံရေးသမားများနှင့်သာ တွဲမြင်တတ်ကြပါသည်။ အကျဉ်းထောင်များအတွင်းရှိ အခြေအနေနှင့် လည်ပတ်နေသော စနစ်တစ်ခုလုံးအား လေ့လာသိရှိမှု အားနည်းပါသည်။

ထိုအခြေအနေသည် အကျဉ်းထောင်အား ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် မပါဝင်ဘဲ သီးခြား Institution တစ်ခုကဲ့သို့ ဖြစ်သွားစေပြီး အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများအတွက် အခြေခံလူ့အခွင့်အရေး အလွယ်တကူ ချိုးဖောက်ခံရသော အခြေအနေဆီသို့ ဦးတည်သွားစေပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိအကျဉ်းထောင်များတွင် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသော ရာဇဝတ်မှုဥပဒေများဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော အကျဉ်းသားအရေအတွက်မှာ အဆမတန် များပြားနေပါသည်။ အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် အကျဉ်းထောင်အတွင်း ပကတိဖြစ်ပျက်နေသော အခြေအနေများကို သိရှိရန်မှာ အလွန်အရေးကြီးပါသည်။

ဤအစီရင်ခံစာသည် အကျဉ်းထောင်များအတွင်းရှိ KP (Key Population) များဖြစ်သော –

  • မူးယစ်ဆေးဝါးပုဒ်မများနှင့် ကျခံခဲ့ရသည့် အကျဉ်းသားများ၊
  • ပြင်ပလူ့အသိုက်အဝန်းတွင်ပင် ထိခိုက်ခံစားလွယ်သော အုပ်စုများဖြစ်သည့် လိင်လုပ်သားများ၊
  • မသန်စွမ်းများ၊
  • LGBT များ၊

အစရှိသူများအနေဖြင့် အကျဉ်းထောင်များထဲသို့ အကျဉ်းသား၊ အချုပ်သားများအဖြစ် ရောက်ရှိသောအချိန်တွင် သူတို့၏ တွေ့ကြုံခဲ့ရသော အကျဉ်းထောင်အတွင်း အခြေအနေများကို မေးမြန်း၍ စနစ်တကျ ပြုစုထားခြင်း ဖြစ်ပါသည်။ ယခုလေ့လာမှုအရ တွေ့ရှိချက်များကို အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် လိုအပ်သော အချက်အလက်များအဖြစ် ထည့်သွင်းစဉ်းစားနိုင်ရန် ရည်ရွယ်၍ ဤစာတမ်းကို ပြုစုတင်ပြလိုက်ပါသည်။