သင်တန်းဋ္ဌာန မိတ်ဆက်

အေအေပီပီ၏ လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်းဋ္ဌာနကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝန်းတွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် ပတ်သက်သည့် သင်တန်းများအပြင် အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ပို့ချပေးခဲ့ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် သင်တန်းဋ္ဌာနသည် ထိုလုပ်ငန်းများကို အွန်လိုင်းပလက်ဖောင်း မှ တဆင့် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) တွင် ပါဝင်သူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီဝင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများထံသို့ ချဉ်းကပ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

သင်တန်း တက်ရောက်သူများနှင့် ဖွဲ့စည်းထားသော ကွန်ရက်များမှတစ်ဆင့် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ သတင်းအချက်အလက်များကို အေအေပီပီ မှတ်တမ်းနှင့် သုတေသနဋ္ဌာနဆီသို့ ပံ့ပို့ပေးပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ရည်မှန်းချက်

သင်တန်းဋ္ဌာန၏ ရည်မှန်းချက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူငယ်များ၊ အမျိုးသမီးများ၊ လိင်စိတ်ခံယူမှု ကွဲပြားသူ                 ( LGBTIQ+ ) များ၊ ကျောင်းသားများနှင့် နိုင်ငံရေးပါတီဝင်များကို လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းပြုစုရေးအတွက် လိုအပ်သော အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများ၊ အသွင်ကူးပြောင်းရေး တရားမျှတမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်းဖြင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်ဖြစ်ပြီး အနာဂတ်ကာလ တာဝန်ခံမှု ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုများကိုလည်း  အထောက်အကူပြုနိုင်ရန် ဖြစ်ပါသည်။

လုပ်ငန်းများ

သင်တန်းဋ္ဌာနသည် အောက်ပါသင်တန်းများကို ပြုလုပ်လျှက် ရှိပါသည်။

  • လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်းများ (အခြေခံ၊ မွမ်းမံ) နှင့် အသိပညာပေး ဆွေးနွေးပွဲများ။
  • နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) သင်တန်းနှင့် အသိပညာပေး ဆွေးနွေးပွဲများ။

လုပ်ဆောင်ပုံ

အေအေပီပီသည် ၂၀၀၀ ပြည့်နှစ်မှစ၍ လူ့အခွင့်အရေး မှတ်တမ်းပြုစုခြင်းလုပ်ငန်းတွင် အတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရမှု၊ တာဝန်ခံမှုဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် လှုပ်ရှားမှုများကြောင့် ခိုင်မာသည့် ဂုဏ်သတင်းရှိသော လွတ်လပ်သည့် လူ့အခွင့်အရေးအဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။

အဓိပ္ပာယ်ပြည့်ဝသော သင်ယူမှုနှင့် လက်တွေ့အကျိုးရလဒ်များ ရရှိစေရန်အတွက် သင်တန်းအားလုံးကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီအောင် ဆက်စပ်ပေးပြီး အပြန်အလှန်ဆက်သွယ်မှုရှိသည့် (Interactive)၊ ပါဝင်မှုအသားပေးသည့် (Participatory) ၊ အားလုံးပါဝင်သည့် (Inclusive) နှင့် လိုက်လျောညီထွေးရှိသည့် (Adaptive) နည်းလမ်းများဖြင့် ပို့ချပေးလျက် ရှိပါသည်။